သွက်လက်ကျန်းမာတဲ့ အမျိုးသားတစ်ယောက်အဖြစ် တစ်နေ့တာကို အကောင်းဆုံးစတင်လိုက်ပါ
အမျိုးသားတစ်ယောက် သူ့ရဲ့တစ်နေ့တာ လုပ်ငန်းခွင်၊ စာသင်ခန်း ဒါမှမဟုတ် လူမှုရေးနယ်ပယ်မှာ အဆင်ပြေချောမွေ့နေဖို့ဆိုတာ မနက်ခင်းကို ဘယ်လိုစတင်လိုက်လဲဆိုတာပေါ် အများကြီး မူတည်ပါတယ်။ မနက်ခင်းမှာ ကိုယ့်ရဲ့စိတ်ကို ကြည်လင်လန်းဆန်းနေစေပြီး အားအင်အပြည့်နဲ့ လန်းဆန်းတက်ကြွနေမှပဲ ကိုယ့်ရဲ့တစ်နေ့တာက အကောင်းဆုံးဖြစ်တော့မှာပေါ့။
အမျိုးသားတွေကိုယ်တိုင်လည်း ဒီလိုမျိုး သွက်လက်လန်းဆန်းပြီး ကျန်းမာနေတဲ့ နေ့သစ်တစ်နေ့ကို စတင်ဖို့ဆိုတာ အခုကျွန်တော်ပြောမယ့် အချက်တွေကို ကိုယ်တိုင်လိုက်လုပ်ကြည့်ရင်း အကောင်အထည်ဖော်နိုင်ပါတယ်။
၁။ အိပ်ချိန်မှန်ကန်ပြည့်ဝနေပါစေ။
ယောက်ျားလေးတစ်ယောက်အတွက် အိပ်ချိန်ပြည့်ဝဖို့ဆိုတာ အရမ်းအရေးကြီးတဲ့ ကိစ္စတစ်ခုပါ။ ဘာကြောင့်လဲဆိုတော့ အိပ်ချိန်ပြည့်နေမှပဲ ယောက်ျားလေးတွေရဲ့ ကြွက်သားထုကို ပြန်တည်ဆောက်ပေးတယ်။ ဦးနှောက်အာရုံကြောစနစ်ကို လန်းဆန်းစေတယ်။ တစ်နေ့တာမှာ အသုံးပြုရမယ့် အားအင်တွေကိုလည်း အိပ်စက်ခြင်းကနေပဲ ရနိုင်ပါတယ်။ ဒါကြောင့် တတ်နိုင်ရင် ညဘက်ဘော်ဒါတွေနဲ့ တစ်ခွက်တစ်ဖလားမော့ရင်း ကဲတဲ့အချိန်တွေကို စပြီး လျှော့ဖို့လိုပါပြီ။
တတ်နိုင်ရင် ညအိပ်ချိန်ကို ည (၁၁) နာရီထက် နောက်ကျပြီး မအိပ်ပါနဲ့။ တစ်နေ့တာ ညအိပ်ချိန်ဟာ အနည်းဆုံး (၇) နာရီကနေ (၈) နာရီထိ ရှိဖို့ လိုအပ်ပါတယ်။ ညအိပ်ချိန်ကို ပုံသေထားခြင်းဟာ ကိုယ့်ရဲ့ခန္ဓာကိုယ်ကို ဒီအိပ်စက်ပုံအတိုင်း ကျင့်သားရအောင် ကူညီပေးတာဖြစ်ပြီး ခန္ဓာကိုယ်တွင်းက ပျက်စီးနေတဲ့ ဆဲလ်၊ တစ်ရှူး၊ ကြွက်သားတွေကို ပြန်လည်ပြုပြင်ပြီး ကိုယ်တွင်းအင်္ဂါတွေကို အနားရစေအောင် ကူညီပေးနိုင်ပါတယ်။
၂။ နေ့ရက်တိုင်းမှာ အကောင်းဆုံးအရာတွေကို ဖန်တီးဖို့ အတွေးနဲ့ နိုးထပါ။
လူ့ဘဝမှာ ဘယ်လောက်ပဲ အခက်အခဲ၊ ပြဿနာပေါင်းစုံနဲ့ ကြုံတွေ့နေရပါစေ၊ မနက်ဖြန်တိုင်းမှာ မျှော်လင့်ချက်တွေရှိသလို၊ ကိုယ့်ရဲ့ပြဿနာကို အကောင်းဆုံးဖြေရှင်းနိုင်ဖို့ အခွင့်အလမ်းကောင်းများစွာနဲ့ ကြုံတွေ့နိုင်ပါတယ်။ ဒီတော့ အိပ်ရာထလို့ မျက်လုံးနှစ်လုံးပွင့်ပြီဆိုတာနဲ့ ငါဒီနေ့မှာ ဘယ်အလုပ်တွေကို အကောင်းဆုံးဖြစ်အောင် လုပ်မလဲ၊ ဒီနေ့ကို အကောင်းဆုံးဖြစ်အောင် ဘယ်လိုဖန်တီးမလဲ၊ ငါချစ်ရတဲ့သူတွေအတွက် ပျော်ရွှင်စေဖို့ ဘာတွေလုပ်ပေးနိုင်မလဲဆိုတဲ့ အတွေးတွေနဲ့ နိုးထကြည့်ပါ။
၃။ အကြောလျှော့ပါ။
တစ်ညတာလုံး ပုံသေအအနေအထားနဲ့ အိပ်စက်နေတဲ့အခါ ယောက်ျားလေးပဲဖြစ်နေပါစေ၊ အကြောအချဉ်တွေ၊ ကြွက်သားတွေ တင်းမာနေတတ်ပါတယ်။ ဒီတော့ အိပ်ရာနိုးပြီဆိုတာနဲ့ တတ်နိုင်သလောက် အချိန် (၁၀) မိနစ်လောက်ပေးပြီး ကိုယ့်ရဲ့ ခန္ဓာကိုယ် ညောင်းညာကိုက်ခဲနေတာတွေကို လေ့ကျင့်ခန်းလုပ်ရင်း၊ အကြောလျှော့ရင်း ဖြေဆန့်ပေးပါ။ ဒီလို အချိန်ခဏပေးပြီး အကြောလျှော့ပေးခြင်းက ကိုယ့်ရဲ့တစ်နေ့တာမှာ ကြွက်သားနာကျင်ကိုက်ခဲပြီး စိတ်မလန်းမဆန်းဖြစ်နိုင်ခြေကို သိသိသာသာ လျှော့ချပေးနိုင်ပါတယ်။
၄။ လေ့ကျင့်ခန်းလုပ်ပြီး စတင်ပါ။
အပေါ်မှာပြောထားခဲ့တဲ့ အကြောလျှော့တာတွေ ပြီးသွားရင်တော့ လေ့ကျင့်ခန်းလုပ်ဖို့ အချိန် နာရီဝက်လောက် အများဆုံးပေးသင့်ပါတယ်။ မနက်ပိုင်းမှာ လေ့ကျင့်ခန်းလုပ်တာဖြစ်တဲ့အတွက် ကိုယ်လက်လှုပ်ရှားမှုနဲ့ စိတ်နဲ့ခန္ဓာ ကျန်းမာရေးအတွက်ကို အဓိကထားပေးရင် အဆင်ပြေပါတယ်။ ညနေပိုင်း ရုံး၊ ကျောင်းဆင်းချိန်မှာတော့ ခန္ဓာကိုယ်အတွက် Gym ဆော့တာ၊ အလေးမတာမျိုး လုပ်ပေးနိုင်ပါတယ်။
မနက်ပိုင်းအတွက် ယောက်ျားလေးတစ်ယောက်ရဲ့ အကောင်းဆုံးလေ့ကျင့်ခန်းတွေကတော့ လမ်းမြန်မြန်လျှောက်ပေးတာ၊ ပြေးတာ၊ စက်ဘီးစီးတာ၊ ရေကူးတာ၊ အိပ်ထမတင်လုပ်တာ၊ ဒိုက်ထိုးတာ၊ လှေကားအတက်အဆင်းလုပ်ပေးတာ စတဲ့ ပေါ့ပေါ့ပါးပါး လေ့ကျင့်ခန်းမျိုးတွေကို လုပ်ပေးနိုင်ပါတယ်။ မနက်ပိုင်းမှာ နာရီဝက်လောက်အချိန်ပေးပြီး လေ့ကျင့်ခန်းလုပ်ပေးခြင်းဖြင့် နှလုံးခုန်နှုန်းကောင်းစေပြီး သွေးလည်ပတ်မှုမြန်စေလို့ ဦးနှောက်ရဲ့ တွေးခေါ်နိုင်စွမ်းကို မြှင့်တင်ပေးတယ်။ ဒါ့အပြင် ခန္ဓာကိုယ်ရဲ့ ကျားဟော်မုန်းထုတ်လုပ်နိုင်စွမ်းကို မြှင့်တင်ပေးလို့ အရွယ်မတိုင်ခင် ပန်းသေပန်းညှိုးပြဿနာတွေ မဖြစ်အောင် ကာကွယ်ပေးနိုင်ပါတယ်။
၅။ ကိုယ့်ရဲ့မနက်စာကို သေချာစားသုံးပါ။
ကျွန်တော်တို့ မြန်မာလူမျိုး ယောက်ျားလေးတစ်ယောက်အနေနဲ့ဆိုရင် မနက်စာကို ထမင်းပါမှ စားမြိန်သူတွေက ထမင်းတစ်ပန်းကန်အနည်းဆုံးကို ကိုယ်ကြိုက်တဲ့ဆီပြန်ဟင်းနဲ့ စားပေးပါ။ အကယ်လို့ ကိုယ်က ထမင်းမစားတတ်ဘူးဆိုရင်လည်း မုန့်ဟင်းခါး၊ အသုပ်စုံတွေ၊ ပလာတာနဲ့ လက်ဖက်ရည် စတာတွေကို စားပေးနိုင်ပါတယ်။ အနောက်တိုင်းဆန်ဆန် စားချင်တယ်ဆိုရင်တော့ ပေါင်မုန့်၊ ကြက်ဥကြော်၊ အအေး ဒါမှမဟုတ် ကော်ဖီတစ်ခွက်ကို စားပေးလို့ ရပါတယ်။ အဓိက မနက်စာကို အကြောင်းမရှိဘဲ မကျော်လိုက်ပါနဲ့။
လူတစ်ယောက် တစ်နေ့တာမှာ အဆင်ပြေချောမွေ့ပြီး လုပ်လိုက်သမျှကိစ္စတွေ အောင်မြင်ဖို့ ကိုယ့်ရဲ့အတွေးတွေနဲ့ ခန္ဓာကိုယ်ပြောင်းလဲမှုတွေကို သေချာလုပ်ပေးဖို့ အရေးကြီးပါတယ်။ တစ်နေ့ကို နည်းနည်းစီ ကျန်းမာတဲ့ နေထိုင်စားသောက်မှုပုံစံကို ပြောင်းလဲပေးခြင်းက ရေရှည်မှာ အသက်ရှည်ရှည် ကျန်းကျန်းမာမာနဲ့ နေနိုင်အောင်လည်း ကူညီပေးနိုင်မှာပါ။
ရေးသားသူ - ရဲမျိုးမြတ်